လူတိုင်း လူတိုင်း၊ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းကတော့ ကိုယ့်လုပ်ရပ် မှန်တယ်၊ ကိုယ့်အဖွဲ့အစည်းကောင်းတယ် ဒီလိုပဲ ပြောကြ၊ ဆိုကြ၊ လုပ်ကြ၊ ကိုင်ကြတာပါပဲ။ ကိုယ့်လုပ်ရပ်က မှန်ရဲ့လား၊ အကျိုးရှိ ရဲ့လားဆိုတာ ပြန်လည်သုံးသပ်ချိန်ဆတဲ့ နေရာမှာတော့ အတော်လေး အားနည်းကြတာ တွေ့ရပါတယ်။ သာမန်ကိစ္စရပ်တွေ၊ လူအများထိခိုက်မှု နည်းနိုင်တဲ့ကိစ္စတွေမှာ လက်ခံလို့ရကောင်းရပေမယ့် အများထိခိုက်နိုင်မယ့်ကိစ္စ၊ တိုင်းပြည် ထိခိုက်နိုင်မယ့် ကိစ္စတွေမှာတော့ လက်ခံဖို့ မသင့်ပါဘူး။ သင့်တာ၊ မသင့်တာထက် ကိုယ်တိုင်ကသော် လည်းကောင်း၊ အဖွဲ့အစည်းကသော်လည်းကောင်း မသင့်တဲ့ ကိစ္စ၊ အကျိုးမရှိတဲ့ ကိစ္စဆို ရှောင်ကို ရှောင်ရမှာ ဖြစ်ပါတယ်။
မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စကို ကိုယ်ကျိုးအတွက် ပြည်သူရဲ့ကရုဏာ၊ ပြည်သူ့ရဲ့ ထောက်ခံမှုကို ခုတုံးလုပ်ပြီး လုပ်တာမျိုးကြတော့ အောက်တန်းကျတဲ့ လုပ်ရပ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ပါးစပ်က ပြည်သူ ပြည်သူ၊ ပြည်သူ့အကျိုး၊ ပြည်သူကို ဦးထိပ်ထားတယ်ဆိုတဲ့ စကားတွေနဲ့ လူပြိန်းကြိုက် လုပ်နေတာတွေကလည်း တကယ်တမ်းကျရင် တိုင်းပြည်အတွက်ရော ပြည်သူအတွက်ပါ နစ်နာလှပါတယ်။ ဒီလိုအခြေအနေ သဘာ၀အပေါ်မှာ အခြေခံပြီး နိုင်ငံရေးအားပြိုင်မှုတွေအပေါ် သူ့ဘက်၊ ကိုယ့်ဘက် အနိုင်ရလိုမှုတွေနဲ့ အပြုတ်တိုက် ကျတဲ့အခါမှာ ရလာတဲ့ ရလဒ်က ဘယ်လိုနည်းနဲ့မှ ကောင်းကျိုး မဖြစ်နိုင်ဘူး။ အမုန်းတရားကို အခြေခံတဲ့ ဆိုးကျိုးတွေသာ ဖြစ်ထွန်းမှာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကိုပြန်ကြည့်ရင် အပြုတ်တိုက်ရေးနဲ့ မုန်းတီးရေးကို အခြေခံခဲ့ကြ တာတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အားပြိုင်တဲ့အခါမှာ ကိုယ့်အချင်းချင်းဆိုတဲ့စိတ်နဲ့ အမုန်းတရားကို အခြေမခံဘဲ ပြိုင်ဘက်အမြင်နဲ့မျှတစွာ ပြိုင်ကြမယ်ဆိုတဲ့ ယဉ်ကျေးမှု မြန်မာနိုင်ငံမှာ နည်းပါးခဲ့တာ စိတ်မကောင်းစရာပါ။ မြန်မာနိုင်ငံမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ နိုင်ငံရေးစနစ် ပြောင်း လဲလာခဲ့တဲ့ အတွေ့အကြုံဟာ ကိုလိုနီခေတ်ကျမှ ရခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာတွေကို နိုင်ငံရေး ဗဟုသုတပေးခဲ့တာလည်း ဒီအင်္ဂလိပ်တွေဖြစ်သလို အခွင့်အရေးရဖို့အတွက် အချင်းချင်း အသေသတ်ဖို့ သင်ပေးခဲ့တာလည်း ဒီနှာခေါင်းရှည်တွေပါပဲ။
မြန်မာတွေရဲ့ သဘာဝစရိုက်အရလားတော့ မပြောတတ်ပေမယ့် နိုင်ငံရေးအာဏာရဖို့ အားပြိုင်မှုကတစ်ဆင့် ကွဲကြပြီဆိုရင် ပြန်စေ့လို့ကိုမရတော့တာ သတိထားမိကြမယ် ထင်ပါတယ်။ သက်ဦးဆံပိုင် သဘာဝအတွေ့အကြုံသာရှိတဲ့ မြန်မာတွေကို နိုင်ငံရေး စတင်စေခဲ့တာက YMBA လို့ဆိုရမှာ ဖြစ်ပါတယ်။ YMBA အားကောင်းလာတော့ အင်္ဂလိပ်တွေက အချင်းချင်း အပြိုင်အဆိုင်ဖြစ်အောင် လုပ်ပိုင်ခွင့်ပေးပြီး ကွဲစေခဲ့တာကို စတင်တွေ့ရမှာ ဖြစ်ပါတယ်။ ဘာသာရေး၊ လူမှုရေးအခြေခံတဲ့အတွက် အပြိုင်အဆိုင်ဖြစ်တာ သိပ်မသိသာပေမယ့် YMBA ကို အခြေခံပြီး ပြောင်းလဲခဲ့တဲ့ GCBA အရောက်မှာတော့ အတော်လေး သိသာစေပါတယ်။ အဖွဲ့အစည်းထဲမှာ အားပြိုင်မှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အစိတ်စိတ် ကွဲပြီး သီးခြားစီ ထူထောင်ခဲ့ကြတာ၊ အင်္ဂလိပ်အစိုးရ ဘုရင်ခံရဲ့အတိုင်ပင်ခံ ဥပဒေပြုကောင်စီမှာ နေရာရဖို့ ဝင်တိုးခဲ့ကြ ရာက မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု စတင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါ တယ်။
အစပထမတော့ မြန်မာ့အရေးဆိုပြီး လုပ်ခဲ့ကြရာက နောက်ပိုင်းမှာ မြန်မာ့အရေးလည်းပါသလို ကိုယ်ကျိုးအတ္တတွေလည်း ပါလာခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နှစ်မှာ ကျပ်တစ်ရာလောက်ရှိရင် စားနိုင်သောက်နိုင်တဲ့ခေတ်မှာ တစ်လ ကျပ်ငါးထောင်လောက် ပေးထားတဲ့ ငွေကြေးပမာဏကလည်း မက်လောက်စရာ မဟုတ်ပါလား။ ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီမှာပါဖို့ဆိုတာ ပြည်သူတွေရဲ့ ရွေးချယ်မှုထက် ဘုရင်ခံနဲ့ အင်္ဂလိပ် အလိုတော်ရိတွေ နှစ်ခြိုက်ဖို့က အဓိကဖြစ်တဲ့အတွက် အင်္ဂလိပ်အကြိုက်လိုက်ပြီး ဗမာအချင်းချင်း ခွပ်တဲ့ဇာတ်လမ်းတွေက အဲဒီကတည်းက စခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။
ဒီလို ပညာတတ်လူကြီးပိုင်းတွေပဲ ခွပ်ကြသလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျောင်းသားလူငယ် နိုင်ငံရေးသမားဘဝက ပြောင်းလာတဲ့သူ အချင်းချင်းလည်း ချကြတာပါပဲ။ လူကြီးအချင်းချင်း၊ လူငယ် အချင်းချင်းအပြင် လူကြီးလူငယ်တွေကြားမှာလည်း ပြိုင်ကြ ဆိုင်ကြ၊ တိုက်ကြ ခိုက်ကြတာ တွေ့ရပါတယ်။ အင်္ဂလိပ်ဆီမှာ နေရာရဖို့ ပြိုင်ဆိုင်ကြတဲ့အခါမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ လွတ်လပ်ရေးရရေးအတွက် အင်္ဂလိပ်ကို တိုက်ရမယ်ဆိုတဲ့ တူညီတဲ့ရည်မှန်းချက်တွေ ရှိနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း အချင်းချင်း ပြိုင်ကြတဲ့အခါမှာ နေရာရရေးအတွက် အင်္ဂလိပ်နဲ့ အဆင်ပြေဖို့က အဓိကဖြစ်တဲ့အတွက် ကိုယ်အမှတ်ရရေး၊ အင်္ဂလိပ်ရဲ့ယုံကြည်မှုရရေးကိုသာ ဦးတည်ကြပါတယ်။ အဲဒီအချိန်က ပြိုင်ဘက်ကိုချောက်ချတာမျိုး၊ အပြုတ်တိုက်တာမျိုးတွေ မရှိခဲ့သေးပါ။
ဖက်ဆစ်တော်လှန်ရေးအပြီး လွတ်လပ်ရေးကာလမှာ အင်္ဂလိပ်က အုပ်ချုပ်ရေးပိုင်းမှာ အတော်အလျှော့ပေးလာခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့ကလည်း ရေးရေးမြင်နေရပြီ၊ ကိုယ်တိုင် နိုင်ငံ့အာဏာ ကိုင်တွယ်ရတော့မယ့် အခြေအနေလည်း ရောက်လာပြီဆိုတဲ့အခါမှာတော့ အပြုတ်တိုက်ရေး၊ အသေသတ်ရေး စရိုက်တွေ ဝင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်က စတင်အလေ့အကျင့်ပေးခဲ့တဲ့ မဲပေးရွေးချယ်စေခဲ့တဲ့ နိုင်ငံရေးစနစ်က ပြည်သူ့မဲရဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့ စရိုက်ကို ဝင်စေခဲ့တာ ဖြစ်ပါတယ်။ တစ်ပိုင်းက ကိုယ်က ပြည်သူ့မဲရဖို့၊ ပြည်သူ့အချစ်တော်ဖြစ်ဖို့၊ တစ်ပိုင်းက ပြိုင်ဘက်ကို ပြည်သူမုန်းတီးဖို့ဆိုတဲ့ စရိုက်တွေဝင်လာခဲ့တာ ပဲဖြစ်ပါတယ်။ အဲဒီအခါမှာ အပြန်အလှန် လုပ်ရည်ကိုင်ရည်အရ အားပြိုင်တာမျိုး မဟုတ်တော့ဘဲ အချင်းချင်း ငယ်ကျိုးငယ်နာတွေဖော်တာ၊ သိက္ခာကျအောင် မီဒီယာကတစ်ဆင့် မဟုတ်မမှန် ဇာတ်လမ်းဆင်ပြီး ဆော်တာ၊ ပြည်သူနဲ့ ရန်တိုက်ပေးတာ အစရှိသဖြင့် နိုင်ငံရေးအရ အသေသတ်တာမျိုးတွေ လုပ်လာခဲ့ကြတာ တွေ့ရမှာဖြစ် ပါတယ်။ ဒီစရိုက်တွေဟာ လွတ်လပ်ရေးကာလကစပြီး တဖြည်းဖြည်းချင်း ကူးစက်လာခဲ့ရာက အခုချိန်မှာ ထမင်းစားရေသောက် သဘော မျိုး ကျင့်သုံးနေကြတဲ့ အထိ ဖြစ်လာခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အစတုန်းကတော့ ဒီလို ပုဂ္ဂိုလ်ရေးသိက္ခာချမှု၊ အဖွဲ့အစည်းတစ်ခုကို မဟုတ်မမှန်တိုက်ခိုက်မှုတွေကို ပုန်းလျှိုးကွယ်လျှိုး မြေအောက်နိုင်ငံရေး နည်းလမ်းအရသာ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်သီးပုန်းထိုး တဲ့သဘောပါ။ ကြာလာတာနဲ့အမျှ တရားဝင်အဖွဲ့အစည်း၊ အထင်ကရရှိတဲ့ နိုင်ငံရေးပါတီ၊ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကပါ ထိကပါးရိကပါး ပြောဆိုရာကနေ လူပြိန်းကြိုက် ပေါ်ပေါ်ထင်ထင် ဝေဖန်တိုက်ခိုက်ခဲ့ ကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ ပြန်ဖော်ပြနေတဲ့ နိုင်ငံရေး Debate လေးတစ်ခုတွေ့မိတယ်။ သမ္မတဟောင်း ဦးဝင်းမြင့်ပါတဲ့ Debate ပါ။ အဲဒီအချိန်မှာသူက NLD ရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ ပါတီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ Debate လုပ်ပေးတာကလည်း NLD လိုလားတဲ့ မီဒီယာတစ်ခုကပါ။ အကျဉ်းချုပ်ပြောရရင် သူ့မျက်နှာပေးနဲ့ သူပြောတဲ့ 'လင်းတလောက်တော့ ငှက်တိုင်းလှပါတယ်'ဆို တဲ့စကားက ဘာကိုဆိုလိုတယ်၊ ဘယ်သူ့ကို တိုက်ခိုက်တယ်ဆိုတာ လူတိုင်းနားလည်ကြမှာ ဖြစ်ပါတယ်။ လူတိုင်း ကြိုက်ချင်မှကြိုက်မှာဖြစ်ပေမယ့် တစ်ဖက်ကိုမုန်းပြီး NLD လိုလားသူတွေရဲ့ နားမှာ ဂွမ်းဆီထိမှာ သေချာသလို ကြားနေလူပြိန်းတွေရဲ့ စိတ်ထဲမှာတော့ တစ်ဖက်ကို အထင်သေးပြီးသူတို့ကို အထင်ကြီးစေမှာ ဖြစ်ပါတယ်။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စကားအဆုံးမှာ လက်ခုပ်သံညံ သွားတာကတော့ သေချာတယ်။
ဒီလို စကားမျိုး၊ ဒီလိုအပြောမျိုး တပ်မတော်ခေါင်းဆောင်တွေ၊ အမျိုးသားရေးရှေးရှုတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပြောလေ့မရှိပေမယ့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး သမားအတော်များများက ထိကပါးရိကပါး ပြောလေ့ရှိတာ တွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်း ကစပြီး လူထုတွေ့ဆုံပွဲတွေမှာ၊ အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောခဲ့တဲ့ စကား တွေ၊ မိန့်ခွန်းတွေကို ပြန်ကြည့်ရင် တစ်ကြိမ်တစ်ခါတိုက်ဆိုင်လို့ပြော တာမျိုးမဟုတ်ဘဲ အကြိမ်တိုင်း လိုလို ထိကပါး ရိကပါးပြောခဲ့တာတွေ တွေ့ရပါလိမ့်မယ်။ ဒါတွေဟာ တိုင်းပြည်အတွက် ကောင်းကျိုး ထက်ဆိုးကျိုးကိုသာ ပိုဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိပေမယ့် ပုတ်ခတ်ခွင့်တော့မရှိပါ။ ဒီလုပ်ရပ်တွေဟာ နောင်လာနောက်သားလူငယ်တွေအတွက် မကောင်းတဲ့အတုယူစရာတွေ ဖြစ်စေမှာကို သတိထားကြဖို့ လိုပါတယ်။
အခုလည်း ကြည့်ပါ။ NLD တစ်ဖြစ်လဲ NUG? CRPH တို့ဘာတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ၊ လုပ်နေကြ သလဲ။ တော်လှန်ရေးအရဆိုပေမယ့် မမှန်မကန် ပြောဆို လုပ်ကိုင်တာတွေ၊ ပုတ်ခပ်ပြောဆိုတာတွေ၊ တရားဝင်ကြေညာချက်ထုတ်ပြီးကို မမှန်မကန် ပြောတာတွေက တိုင်းပြည်အတွက် ဆိုးကျိုးကိုသာ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ဖက်အဖွဲ့အစည်း အတွက်လည်း မကောင်းသလို ကိုယ်တိုင်အတွက်လည်း လူလိမ်၊ ကလိမ်ကကျစ်အဖြစ် အထင်သေးစွာ ပြန်အမြင်ခံရမှာပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ CRPH က ဖွဲ့စည်းမှု ခြောက်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ကြေညာချက်ဖတ်ကြည့်တော့လည်း တိုင်းပြည်အတွက်၊ ပြည်သူအတွက် လောက်လောက်လားလား လုပ်ဆောင်ခဲ့တာ ဘာတစ်ခုမှ မတွေ့ရဘဲ တပ်မတော်၊ တပ်မတော်ခေါင်းဆောင်နဲ့ လက်ရှိအစိုးရကို ပုတ်ခတ်ထားတာတွေပဲ တွေ့ရတယ်။ ဒါတွေကြောင့်လည်း တဖြည်းဖြည်းနဲ့ ပြည်သူတွေအပါအဝင် အဖွဲ့အစည်းအတော်များများက စိတ်ဝင်စားမှုနည်းပြီး စည်းရုံးရေးကျ ဆင်းလာတာပဲ ဖြစ်ပါလိမ့်မယ်။ CRPH ခြောက်နှစ်ပြည့် ကြေညာချက်သာထုတ်တာ ဘယ်အဖွဲ့အစည်း ဘယ်သူကမှ စိတ်ဝင်တစား ထောက်ခံတာ၊ အသိအမှတ်ပြုတာမျိုး မတွေ့ရဘူး။ သဝဏ်လွှာတို့၊ ဘာတို့ပို့တာလည်း မမြင်ရဘူး။ သူနဲ့အနီးကပ်ဆုံးဖြစ်တဲ့ NUG ရော၊ NLD ပါတီကပါ ဘာအသိအမှတ်ပြုမှုမှ မလုပ်တာကတော့ အတော်ထူးဆန်းနေသလိုပဲ။
ဒီကြေညာချက်ထဲမှာ စိတ်ဝင်စားစရာတစ်ခုတွေ့ရတယ်။ ခြောက်နှစ်ကြာသွားပေမယ့် ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်လို့ ပြည်သူ့ဆန္ဒအရ ဆက်လုပ်သွားမယ်ဆိုပဲ။ သူ့ကြေညာချက် ကြည့်ရတာ ရာသက်ပန်များ ဆက်လုပ်မလားမသိ။ ကြည့်လည်းလုပ်ကြဦး။ အသက်ကြီးလို့ သေသွားလည်း တစ်ယောက်မှမကျန်တဲ့အထိ CRPH လုပ်မယ့်သဘောပဲ။ ဖြစ်သင့်၊ မသင့် မစဉ်းစားကြတော့ဘဲ တစ်ခါရထားတဲ့ အခွင့်အရေးကို ရာသက်ပန်ရပြီဆိုပြီး အသေဆုပ်ကိုင်ထားနေကြသလား မသိ။ ရွေးကောက်ပွဲ အငြင်းပွားမှုကတစ်ဆင့် ဖြစ်လာတဲ့အတွက် သူ့အမြင်နဲ့သူ လုပ်ခွင့်ရှိတယ်ဆိုပေမယ့် ရာသက်ပန်တော့ မဖြစ်သင့်ဘူးထင်တယ်။ ပြောတော့လည်း အခြေခံဥပဒေက ပျက်သွားပြီတဲ့။ အသေ ဆုပ်ကိုင်ထားနဲ့ ရလဒ်ကိုကြည့်ရင်လည်း ဒီအခြေခံဥပဒေအရ ရွေးထားတဲ့ အငြင်းပွားဖွယ်ရလဒ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး ထင်ရာမြင်ရာ လုပ်ချင်ရာလုပ်နေကြတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ဒီကြေညာချက်ဖတ်ရတာ သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပဲ ခံစားရတယ်။
အတိတ်ကစ ကူးစက်လာခဲ့တဲ့ သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း အပုပ်ချဇာတ်လမ်းတွေ ရပ်သင့်ပါပြီ။ မီဒီယာတွေလည်း ဘက်လိုက်မှု ကင်းကင်းနဲ့ မျှတဖို့ လိုပါတယ်။ ရိုးရိုးလေးပဲ မေးကြည့်။ ဥပမာပေါ့။ လွတ်လပ်တဲ့ မီဒီယာလို့ ကြွေးကြော်နေတဲ့ အောင်ဇော်နဲ့ ဧရာဝတီသတင်းဌာနက လွတ်လပ်မျှတတဲ့ သတင်းဌာနလား။ Bias ပါတဲ့ ဘက်အမြင်နဲ့ ဝါဒဖြန့် ပုတ်ခတ်တိုက်ခိုက်နေတဲ့ မီဒီယာလားဆိုတာ။ အဖြေက စဉ်းစားစရာ မလိုအောင် ရှင်းပါလိမ့်မယ်။ နိုင်ငံရေးသမား၊ နိုင်ငံရေးဧရိယာက ပဲဖြစ်ဖြစ်၊ မီဒီယာကပဲဖြစ်ဖြစ် ခေတ်အဆက်ဆက်က ကူးစက်လာတဲ့ အပုပ်ချနိုင်ငံရေး ယဉ်ကျေးမှုကို ရပ်သင့်ပါပြီ။ ခုချိန်မှာ လူငယ်တွေကိုကြည့်ရင် စိတ်မကောင်းစွာ အတော်ကူးစက်ခံနေရတာ တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ကိုချစ်ရင် လူငယ်တွေကို အဆိပ်ကျွေး မှိုင်းတိုက် စည်းရုံးတဲ့ လုပ်ရပ်တွေ ရပ်ဖို့ လိုပါတယ်။ ဒီအတိုင်း ဆက်သွားရင် အနာဂတ်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေမှာပါ။ ကိုယ်တိုင်ကစပြီး ထိန်းသိမ်းကြဖို့ လိုပါလိမ့်မယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )